အခန်း ၁၇ :: Beyond the Book

Software Engineering စာအုပ်တစ်အုပ်လုံးကို ပြီးမြောက်အောင် ဖတ်ရှုနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။ ဒီစာအုပ်ကနေ နည်းပညာနဲ့ ပတ်သက်ပြီး သိသိသာသာ တိုးတက်မှုကို ခံစားမိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ စာအုပ်ထဲမှာ Software တစ်ခုလုံးကို စနစ်တကျ တည်ဆောက်ပုံတွေကို နားလည်အောင် ရေးသားပေးထားတဲ့အတွက် Mid-level Developer တစ်ယောက်အနေနဲ့ နောက်ထပ် Project တွေမှာ ဘာတွေလုပ်ရမလဲ၊ ဘာတွေပြင်ဆင်ရမလဲဆိုတာကို ပိုမိုကျယ်ပြန့်စွာ မြင်နိုင်လာမှာပါ။
အခုစာအုပ် ရေးသားနေတဲ့ ၂၀၂၆ ခုနှစ်ဟာ AI နည်းပညာတွေ အရှိန်အဟုန်နဲ့ တိုးတက်နေတဲ့ အချိန်ဖြစ်ပါတယ်။ Coding ကို AI အကူအညီနဲ့ ရေးသားလာကြပြီး Vibe Coding ကဲ့သို့သော အယူအဆသစ်တွေ ခေတ်စားလာပါပြီ။ ဒီလိုအချိန်မှာ Coding ရေးသားရုံသက်သက်ထက် Software Engineering အနှစ်သာရကို နားလည်တဲ့ Developer တွေက ပိုပြီး တန်ဖိုးရှိလာပါတယ်။
Software Engineer တစ်ယောက်ဟာ Programming Language တစ်ခုတည်းပေါ်မှာ မှီခိုမနေဘဲ Software တစ်ခု တည်ဆောက်ပုံ (Structural Thinking) ကို နားလည်တတ်ကျွမ်းသူ ဖြစ်ရပါမယ်။ အရင်က Developer တစ်ယောက်ဟာ Github, StackOverflow နဲ့ Google တို့မှာ အချိန်ကုန်ခံပြီး ပြဿနာတွေကို ရှာဖွေဖြေရှင်းခဲ့ရပေမယ့်၊ အခုအခါမှာတော့ AI ကြောင့် အဲဒီအခက်အခဲတွေက နည်းပါးသွားပါပြီ။ ဒါကြောင့် Coding ရေးတဲ့ အဆင့်ထက် Software Development တစ်ခုလုံးရဲ့ အရည်အသွေးကို ပိုပြီး အားစိုက်နိုင်လာပါတယ်။
System တစ်ခုကို ဖန်တီးတဲ့အခါ သက်ဆိုင်ရာ Domain Knowledge နဲ့ အသုံးပြုမည့် Framework, Language တို့ကို နားလည်ဖို့ လိုသလို၊ Best Practices နဲ့ Design Patterns တွေကိုလည်း သိထားရပါမယ်။ အထူးသဖြင့် AI နဲ့ တွဲဖက်လုပ်ကိုင်တဲ့အခါ Code Review, Security, Performance နဲ့ Maintainability တို့ဟာ ပိုပြီး အဓိကကျလာပါတယ်။ ဒီစာအုပ်က အဲဒီအချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့် အထောက်အပံ့တစ်ခု ဖြစ်ပါလိမ့်မယ်။
ဒီစာအုပ်ကို ဖတ်ပြီးတဲ့အခါ ကျွန်တော်တို့ လေ့လာစရာတွေ အများကြီး ရှိသေးတယ်ဆိုတာကို သဘောပေါက်နိုင်ပါတယ်။ AI ခေတ်မှာ သိချင်တာကို လွယ်လွယ်ကူကူ ရှာဖွေနိုင်ပေမယ့်၊ အသေးစိတ် ကျကျနန နားလည်အောင် ရှင်းပြပေးနိုင်တာကတော့ စာအုပ်တွေနဲ့ အတွေ့အကြုံရှိတဲ့ ဆရာတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် လေ့လာမှုကို ဘယ်တော့မှ မရပ်တန့်ပါနဲ့။
ခေတ်တွေ ပြောင်းလဲသွားပေမယ့် ဘယ်တော့မှ မရိုးသွားတဲ့ အောက်ပါစာအုပ်တွေကို ဆက်လက်ဖတ်ရှုဖို့ တိုက်တွန်းလိုပါတယ်။
Clean Code
Getting Real
The Pragmatic Programmer
Code Complete
ဒါ့အပြင် Design Patterns နဲ့ Algorithm စတာတွေကိုလည်း အမြဲမပြတ် ဆက်လက်လေ့လာသွားကြဖို့ အကြံပြုလိုက်ပါတယ်။